ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Thursday, May 31, 2012

ကဗျာဆရာရဲ့ တစ်နေ့တာ

မြို့အစွန် တဲကုတ်ထဲက
အိပ်ရေးမ၀တဲ့ မျက်နှာတစ်ခြမ်းနဲ့
အရုဏ်ဦးကို ငါနမ်းလိုက်တယ် ။

ဆပ်ပြာကြမ်းရနံ့ သင်းသင်းမွှေးတဲ့
အပေါင်ဆုံး ၀တ်စုံကလေးကို
ခုံမင်စွာ ငါဆင်မြန်းရင်း
သူငယ်ချင်းမေ့ကျန်ခဲ့တဲ့
ရှစ်ရာတန် တာယာဖိနပ်ကိုစီး
မျက်မှန်အိုကြီးကို နားရွက်မှာချိတ်လို့
ဆေးရောင်ပြယ် လွယ်အိပ်တစ်လုံးနဲ့
လမ်းသုံးဆယ်ကို ထွက်ခဲ့တယ် ။ 

တစ်နေ့နှစ်ခါမှန်တဲ့
နှစ်ထောင်တန် နာရီပျက်ကို
လျှပ်တပြတ်မြောက်ကာကြည့်ရင်း
ဟေ့...သူငယ်ချင်း
မင်းနာရီ ဘယ်လောက်ထိုးပြီလဲ
ဟဲဟဲ...ဓာတ်ခဲကုန်နေလို့ ဆိုတဲ့ မချိပြုံး
ပခုံးပေါ်က လွယ်အိပ်ကိုချ
ပေါ့ကျတစ်ခွက် စီးကရက်တစ်လိပ်နဲ့
အိပ်ရေးကြီးတဲ့ အစာအိမ်ကို
ဇိမ်ပျက်အောင် နှောင့်ယှက်လိုက်တယ် ။

မိုးစင်စင် လင်းတာနဲ့
မဂ္ဂဇင်းတိုက်ထဲ အပြေးဝင်
အကြွေးရှင်တွေ မမြင်ခင်ပေါ့။
စာမူခကို အတင်းတောင်း
ပြီးမ...လမ်းလေးဆယ်က" ကောင်းထက် "ဆိုင်မှာ
တစ်ပက် နှစ်ပက်..တစ်ခွက်..နှစ်ခွက်
ကလောင်သွက်ရုံ အာသွက်ရုံပေါ့ ။

တခါတလေ.....
စာမူခတွေ အကြွေးကျ
သူငယ်ချင်းတွေ နှိပ်စက်ကြလို့
အသပြာ ပြတ်တဲ့ အဲဒီနေ့မှာ
လူမတွေ့အောင် ကောက်ယူထားတဲ့
ဆေးလိပ်တိုကို လက်ကြားညှပ်
အဲဒီလိုနေ့ရက်တွေမှာ
သွားကြားဘယ်လို ညှပ်နိုင်မှာတဲ့လဲ ။ 

ဒီလိုနဲ့..တနေအိုလို့အမှောင်သန်း
အပြန်းလမ်းစရိတ် နှစ်ရာမရှိ
အကြောင်းသိတဲ့ စပယ်ယာက
လာပါ လာပါ ဆရာကြီး
အလကားသာ စီးသွားတဲ့ ။







No comments:

Post a Comment